အစ္စရေးလေပိုင်နက် အကာအကွယ်မဲ့နေဟု အီရန်ပြော

1263

ဂျန်ဇက်(NP News)- မတ် ၂၂
အစ္စရေး၏ လေပိုင်နက်သည် အကာအကွယ်မဲ့နေပြီဖြစ်ကြောင်းနှင့် နောက်ထပ် စစ်ဆင်ရေးစီမံကိန်းများ စတင်တော့မည်ဖြစ်ကြောင်း အီရန်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်ကထုတ်ဖော်ပြောဆိုလိုက်သည်။ အစ္စရေးနိုင်ငံတောင်ပိုင်းရှိ ဒီမိုနာ နှင့် အာရက်ဒ် မြို့များသို့ အီရန်၏ တာလတ်ပစ်ဒုံးကျည်များ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက်အီရန် လွှတ်တော် ဥက္ကဌက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။အစ္စရေး၏ အဓိက နျူကလီးယားစက်ရုံတည်ရှိသလို လုံခြုံရေးအထူးတင်းကျပ်ထားသည့် ဒီမိုနာဒေသတွင် အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ကျရှုံးခဲ့ခြင်းအပေါ် စစ်ရေးအောင်ပွဲတစ်ခုအဖြစ် အီရန်အစိုးရ သုံးသပ်နေသည်။လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်က "အစ္စရေးအစိုးရအနေနဲ့ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ဒီမိုနာလို ဒေသမျိုးမှာတောင် ဒုံးကျည်တွေကို ကြားဖြတ်မဟန့်တားနိုင်ဘူးဆိုရင်၊ ဒါဟာ စစ်ပွဲရဲ့ အဆင့်သစ်တစ်ခုကို ရောက်ရှိသွားပြီဆိုတဲ့ လက်တွေ့ပြယုဂ်ပဲ ဖြစ်ပါတယ်။ အစ္စရေးရဲ့ လေကောင်းကင်ယံဟာ အကာအကွယ်မဲ့နေပါပြီ
ဒီရလဒ်တွေအရ၊ ကျွန်တော်တို့ ကြိုတင်စီစဉ်ထားတဲ့ နောက်ထပ်စစ်ဆင်ရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ အချိန်ကျရောက်လာပြီလို့ ထင်ပါတယ်" ဟု ပြောသည်။ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် အာရက်ဒ်နှင့် ဒီမိုနာမြို့များတွင်အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၁၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်ကြောင်းသိရသည်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က အဆိုပါတိုက်ခိုက်မှုအတွင်း ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်ကျရှုံးမှုအပေါ် အရေးပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

Zawgyi Version:
အစၥေရးေလပိုင္နက္ အကာအကြယ္မဲ့ေန ဟု အီရန္ ေျပာ
ဂ်န္ဇက္(NP News)- မတ္ ၂၂
အစၥေရး၏ ေလပိုင္နက္သည္ အကာအကြယ္မဲ့ေနၿပီျဖစ္ေၾကာင္းႏွင့္ ေနာက္ထပ္ စစ္ဆင္ေရးစီမံကိန္းမ်ား စတင္ေတာ့မည္ျဖစ္ေၾကာင္း အီရန္လႊတ္ေတာ္ ဥကၠ႒ မိုဟာမက္ ဘာဂါ ဂါလီဘတ္ဖ္ကထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အစၥေရးႏိုင္ငံေတာင္ပိုင္းရွိ ဒီမိုနာ ႏွင့္ အာရက္ဒ္ ၿမိဳ႕မ်ားသို႔ အီရန္၏ တာလတ္ပစ္ဒုံးက်ည္မ်ား ေအာင္ျမင္စြာ ထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့ၿပီးေနာက္အီရန္ လႊတ္ေတာ္ ဥကၠဌက ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။အစၥေရး၏ အဓိက န်ဴကလီးယားစက္႐ုံတည္ရွိသလို လုံၿခဳံေရးအထူးတင္းက်ပ္ထားသည့္ ဒီမိုနာေဒသတြင္ အစၥေရး၏ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား က်ရႈံးခဲ့ျခင္းအေပၚ စစ္ေရးေအာင္ပြဲတစ္ခုအျဖစ္ အီရန္အစိုးရ သုံးသပ္ေနသည္။လႊတ္ေတာ္ဥကၠ႒ ဂါလီဘတ္ဖ္က "အစၥေရးအစိုးရအေနနဲ႔ လုံၿခဳံေရးအထူးတင္းက်ပ္ထားတဲ့ ဒီမိုနာလို ေဒသမ်ိဳးမွာေတာင္ ဒုံးက်ည္ေတြကို ၾကားျဖတ္မဟန႔္တားႏိုင္ဘူးဆိုရင္၊ ဒါဟာ စစ္ပြဲရဲ႕ အဆင့္သစ္တစ္ခုကို ေရာက္ရွိသြားၿပီဆိုတဲ့ လက္ေတြ႕ျပယုဂ္ပဲ ျဖစ္ပါတယ္။ အစၥေရးရဲ႕ ေလေကာင္းကင္ယံဟာ အကာအကြယ္မဲ့ေနပါၿပီ
ဒီရလဒ္ေတြအရ၊ ကြၽန္ေတာ္တို႔ ႀကိဳတင္စီစဥ္ထားတဲ့ ေနာက္ထပ္စစ္ဆင္ေရးစီမံကိန္းေတြကို အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္က်ေရာက္လာၿပီလို႔ ထင္ပါတယ္" ဟု ေျပာသည္။ၿပီးခဲ့သည့္ရက္ပိုင္းက ျဖစ္ပြားခဲ့ေသာ အီရန္၏ ဒုံးက်ည္တိုက္ခိုက္မႈမ်ားေၾကာင့္ အာရက္ဒ္ႏွင့္ ဒီမိုနာၿမိဳ႕မ်ားတြင္အေဆာက္အအုံမ်ား ၿပိဳက်ပ်က္စီးခဲ့ၿပီး လူေပါင္း ၁၅၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ကာ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနရဆဲျဖစ္ေၾကာင္းသိရသည္။အစၥေရးကာကြယ္ေရးတပ္ဖြဲ႕က အဆိုပါတိုက္ခိုက္မႈအတြင္း ၎တို႔၏ ေလေၾကာင္းကာကြယ္ေရးစနစ္က်ရႈံးမႈအေပၚ အေရးေပၚ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္းသိရသည္။