မြန်မာ့ပဲကို အိန္ဒိယ ဆက်လက်အားကိုးမည်၊ ပဲတင်သွင်းမှု သဘောတူညီချက် (၅) နှစ် ထပ်တိုး

292

ALynn (NP News) - မတ် ၂၁
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်သွင်းရန် သဘောတူညီချက်ကို ၂၀၂၅-၂၆ ဘဏ္ဍာနှစ်နောက်ပိုင်း နောက်ထပ် (၅) နှစ်သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်ကြောင်း The Indian Express သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံနှင့် လက်ရှိချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာကို နောက်ထပ် (၅) နှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ထံ အကြောင်းကြားထားကြောင်း သိရသည်။ ထို့အပြင် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ယခင်သဘောတူထားသည့် ပဲစင်းငုံ တန်ချိန် (၁) သိန်းအပြင် နောက်ထပ် ပဲစင်းငုံ တန်ချိန် (၁) သိန်းကိုပါ မြန်မာနိုင်ငံမှ ထပ်တိုးတင်သွင်းဖို့ ခွင့်ပြုနိုင်ကြောင်း ဖော်ပြထားသည်။
(၂၀၂၁) ခုနှစ်၊ ဇွန်လတွင် မြန်မာနှင့် အိန္ဒိယတို့သည် မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုမြှင့်တင်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် (ဧပြီ-မတ်) အထိ (၅) နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် နှစ်စဉ် မတ်ပဲ တန်ချိန် ( ၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံ တန်ချိန် (၁) သိန်း တင်သွင်းရန် ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါသဘောတူညီချက်မှာ ယခုနှစ် မတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
သို့သော် သတင်းရင်းမြစ်များအရ အခြေခံစားကုန်များ၏ ဈေးနှုန်းနှင့် ရရှိနိုင်မှုအခြေအနေများကို ပြန်လည်သုံးသပ်ပြီးနောက် မြန်မာနိုင်ငံမှ ပဲတင်သွင်းမှု သဘောတူညီချက်ကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ ပြတ်တောက်နေပြီး လောင်စာဆီနှင့် မြေဩဇာလုံခြုံမှုကို ခြိမ်းခြောက်နေချိန်တွင် အိန္ဒိယက ယခုကဲ့သို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုကို သေချာစေရန် ခြေလှမ်းတစ်ရပ်ဖြစ်သည်။
ထို့ပြင် ၂၀၂၅-၂၆ ခုနှစ်အတွင်း အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံနှင့် မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းနိုင်သည့်အတွက် ဤသဘောတူညီချက်မှာ ပိုမိုအရေးပါလာသည်။ အိန္ဒိယနိုင်ငံ၏ နှစ်စဉ် ပဲလိုအပ်ချက်မှာ တန်ချိန်( ၂၈ မှ ၂၉) သန်းရှိသော်လည်း ပြီးခဲ့သည့် (၃) နှစ်အတွင်း ထုတ်လုပ်မှုမှာ တန်ချိန် ( ၂၄ မှ ၂၅) သန်းခန့်သာ ရှိခဲ့သဖြင့် လိုအပ်ချက်ကို ဖြည့်ဆည်းရန် တင်သွင်းမှုအပေါ် မှီခိုနေရသည်။
ထို့ကြောင့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသည် အိန္ဒိယအတွက် အဓိကပဲတင်သွင်းရာ နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ အိန္ဒိယ စီးပွားကူးသန်းဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇန်နဝါရီလအထိ အိန္ဒိယသည် မြန်မာနိုင်ငံမှ ပဲစင်းငုံ တန်ချိန် (၃ ဒသမ ၃၂) သိန်း တင်သွင်းခဲ့ပြီး ၎င်းမှာ ယခင်နှစ် ကာလတူထက် (၄၄) ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။ မတ်ပဲတင်သွင်းမှုမှာလည်း တန်ချိန် (၅ ဒသမ ၉) သိန်းမှ (၆ ဒသမ ၆၇) သိန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ့ပဲကို အိႏၵိယ ဆက္လက္အားကိုးမည္၊ ပဲတင္သြင္းမႈ သေဘာတူညီခ်က္ (၅) ႏွစ္ ထပ္တိုး
ALynn (NP News) - မတ္ ၂၁
အိႏၵိယႏိုင္ငံသည္ ျမန္မာႏိုင္ငံမွ ပဲမ်ိဳးစုံတင္သြင္းရန္ သေဘာတူညီခ်က္ကို ၂၀၂၅-၂၆ ဘ႑ာႏွစ္ေနာက္ပိုင္း ေနာက္ထပ္ (၅) ႏွစ္သက္တမ္းတိုးရန္ ဆုံးျဖတ္လိုက္ေၾကာင္း The Indian Express သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။
အိႏၵိယစီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံႏွင့္ လက္ရွိခ်ဳပ္ဆိုထားေသာ နားလည္မႈစာခြၽန္လႊာကို ေနာက္ထပ္ (၅) ႏွစ္အထိ သက္တမ္းတိုးႏိုင္ေၾကာင္း စားသုံးသူေရးရာ၊ အစားအစာႏွင့္ ျပည္သူ႔ျဖန႔္ျဖဴးေရးဝန္ႀကီးဌာန ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔ထံ အေၾကာင္းၾကားထားေၾကာင္း သိရသည္။ ထို႔အျပင္ ၂၀၂၆-၂၇ ဘ႑ာႏွစ္အတြက္ ယခင္သေဘာတူထားသည့္ ပဲစင္းငုံ တန္ခ်ိန္ (၁) သိန္းအျပင္ ေနာက္ထပ္ ပဲစင္းငုံ တန္ခ်ိန္ (၁) သိန္းကိုပါ ျမန္မာႏိုင္ငံမွ ထပ္တိုးတင္သြင္းဖို႔ ခြင့္ျပဳႏိုင္ေၾကာင္း ေဖာ္ျပထားသည္။
(၂၀၂၁) ခုႏွစ္၊ ဇြန္လတြင္ ျမန္မာႏွင့္ အိႏၵိယတို႔သည္ မတ္ပဲႏွင့္ ပဲစင္းငုံ ကုန္သြယ္မႈျမႇင့္တင္ရန္ သေဘာတူညီခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ၾကသည္။ ထိုသေဘာတူညီခ်က္အရ အိႏၵိယႏိုင္ငံသည္ ၂၀၂၁-၂၂ ဘ႑ာႏွစ္မွ ၂၀၂၅-၂၆ ဘ႑ာႏွစ္ (ဧၿပီ-မတ္) အထိ (၅) ႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံမွ ပုဂၢလိကကုန္သြယ္မႈမွတစ္ဆင့္ ႏွစ္စဥ္ မတ္ပဲ တန္ခ်ိန္ ( ၂ ဒသမ ၅) သိန္းႏွင့္ ပဲစင္းငုံ တန္ခ်ိန္ (၁) သိန္း တင္သြင္းရန္ ကတိကဝတ္ျပဳခဲ့ျခင္းျဖစ္သည္။ အဆိုပါသေဘာတူညီခ်က္မွာ ယခုႏွစ္ မတ္လကုန္တြင္ သက္တမ္းကုန္ဆုံးမည္ျဖစ္သည္။
သို႔ေသာ္ သတင္းရင္းျမစ္မ်ားအရ အေျခခံစားကုန္မ်ား၏ ေဈးႏႈန္းႏွင့္ ရရွိႏိုင္မႈအေျခအေနမ်ားကို ျပန္လည္သုံးသပ္ၿပီးေနာက္ ျမန္မာႏိုင္ငံမွ ပဲတင္သြင္းမႈ သေဘာတူညီခ်က္ကို သက္တမ္းတိုးရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အေမရိကန္၊ အစၥေရးႏွင့္ အီရန္တို႔အၾကား စစ္ေရးပဋိပကၡေၾကာင့္ ကမာၻလုံးဆိုင္ရာ ေထာက္ပံ့ပို႔ေဆာင္ေရးကြင္းဆက္မ်ား ျပတ္ေတာက္ေနၿပီး ေလာင္စာဆီႏွင့္ ေျမဩဇာလုံၿခဳံမႈကို ၿခိမ္းေျခာက္ေနခ်ိန္တြင္ အိႏၵိယက ယခုကဲ့သို႔ ေဆာင္႐ြက္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ ဤလုပ္ေဆာင္ခ်က္သည္ အိႏၵိယႏိုင္ငံ၏ စားနပ္ရိကၡာဖူလုံမႈကို ေသခ်ာေစရန္ ေျခလွမ္းတစ္ရပ္ျဖစ္သည္။
ထို႔ျပင္ ၂၀၂၅-၂၆ ခုႏွစ္အတြင္း အိႏၵိယျပည္တြင္း၌ ပဲစင္းငုံႏွင့္ မတ္ပဲ စိုက္ပ်ိဳးထုတ္လုပ္မႈ ေလ်ာ့နည္းႏိုင္သည့္အတြက္ ဤသေဘာတူညီခ်က္မွာ ပိုမိုအေရးပါလာသည္။ အိႏၵိယႏိုင္ငံ၏ ႏွစ္စဥ္ ပဲလိုအပ္ခ်က္မွာ တန္ခ်ိန္( ၂၈ မွ ၂၉) သန္းရွိေသာ္လည္း ၿပီးခဲ့သည့္ (၃) ႏွစ္အတြင္း ထုတ္လုပ္မႈမွာ တန္ခ်ိန္ ( ၂၄ မွ ၂၅) သန္းခန႔္သာ ရွိခဲ့သျဖင့္ လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ တင္သြင္းမႈအေပၚ မွီခိုေနရသည္။
ထို႔ေၾကာင့္ ႏွစ္အနည္းငယ္အတြင္း ျမန္မာႏိုင္ငံသည္ အိႏၵိယအတြက္ အဓိကပဲတင္သြင္းရာ ႏိုင္ငံတစ္ခု ျဖစ္လာခဲ့သည္။ အိႏၵိယ စီးပြားကူးသန္းဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ ၂၀၂၅-၂၆ ဘ႑ာႏွစ္၊ ဧၿပီလမွ ဇန္နဝါရီလအထိ အိႏၵိယသည္ ျမန္မာႏိုင္ငံမွ ပဲစင္းငုံ တန္ခ်ိန္ (၃ ဒသမ ၃၂) သိန္း တင္သြင္းခဲ့ၿပီး ၎မွာ ယခင္ႏွစ္ ကာလတူထက္ (၄၄) ရာခိုင္ႏႈန္း ပိုမိုမ်ားျပားခဲ့သည္။ မတ္ပဲတင္သြင္းမႈမွာလည္း တန္ခ်ိန္ (၅ ဒသမ ၉) သိန္းမွ (၆ ဒသမ ၆၇) သိန္းအထိ တိုးတက္လာခဲ့ေၾကာင္း သိရသည္။